ထေရုပ္ပတ္တိအကျဉ်း

မြောက်ဦးမြို့၊ ရတနာမာရ်အောင် တောရဓမ္မရိပ်သာ ဆရာတော် အရှင်ဝါယာမိန္ဒ (တော်ပျော်ရဟန်း) သည် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့အပိုင် (မဟိရာနဒီ) ခေါ် မအီချောင်း၊ မအီမြို့၌ ခမည်းတော် ဦးစိန်အောင်၊ မယ်တော် ဒေါ်ဖြူစိန်တိုမှ ကော်ဇာသက္ကရာဇ် ၁၃၂၁ ခုနှစ်၊ တော်သလင်း လဆန်း ၁ ရက်၊ ဗုဒ္ဓဟူးနေ့ နံနက် (၉)နာရီ အချိန်တွင် မီးရူးသန့်စင် ဖွားမြင်တော်မူခဲ့သော သားရတနာ ဖြစ်ပါသည်။
ဦးစိန်အောင် + ဒေါ်ဖြူစိန်တို့မှ -
၁။ မောင်လှကျော်အောင်
၂။ မောင်လှထွန်းအောင်
၃။ မောင်လှကြိုင်
၎။ မောင်လှသိန်းအောင်
၅။ မောင်လှသိန်းရွှေ
၆။ မတင်သိန်း
၇။ မတင်သောင်း ဟူ၍ သားသမီးရတနာ (၇)ယောက် ထွန်းကားခဲ့ရာ ဆရာတော်လျောင်းလျာမှာ တတိယမြောက် သားရတနာ ဖြစ်ပါသည်။

ဆရာတော်လောင်းလျာသည် လောကီစာပေများကို လေ့လာပြီးနောက် သက်တော် (၁၉) နှစ်အရွယ်သို့ ရောက်သောအခါ “ ၀တ်ကြောင်းပုဆိုး ကောင်းကျိုးမပေး “ ဆိုသော စကားကို ရင်ဝယ်ထားကာ လောကီကိစ္စ အ၀၀ကို ကြောက်ရွံ့ တုန်လှုပ်၍ ကြီးမားသော သံဝေဂဖြစ်ကာ မိဘနှစ်ပါးတို့ထံ ရဟန်းပြုခွင့်ပြုပါရန် အတင်းတောင်းပန်ပြီး မိဘတို့၏ခွင့်ပြုချက်ဖြင့် သာသနာဝန်ထမ်း ရဟန်းဘောင်သို့ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။ ဆရာတော်၏ ဥပဇ္ဈာယ်  ဆရာတော်မှာ ပဒါဆရာတော်ကြီးဖြစ်သည်။

ဆရာတော်သည် ပရိယတ္တိစာပေများကို -
(၁) မအီမြို့ဥက္ကံဆောင် ဆရာတော် ဘဒ္ဒန္တ ဂန္ဓသာရ ထံ၌ လည်းကောင်း၊
(၂) ရန်ကုန်မြို့ ကျိုက္ကဆံဘုရား၊ အနောက်ဝေကျောင်း ဆရာတော် ဘဒ္ဒန္တ၀ဏ္ဏသာရ (သာသနာ့ဓဇ သီရိပ၀ါရ ဓမ္မာစရိယ) ထံ၌ လည်းကောင်း၊
(၃) ကျောက်ဖြူမြို့ ယပ်လှဲပရိယတ္တိစာသင်တိုက် ပဓာန နာယက အဂ္ဂမဟာဂန္တ၀ါစကပဏ္ဍိတ၊ မြို့နယ်သံဃနာယက ဥက္ကဋ္ဌ  ဘဒ္ဒန္တစက္ကိန္ဒ (သာသနာ့ဓဇ ဓမ္မာစရိယ)
(၄)ကျောက်ဖြူမြို့နယ် မြို့မအလယ်ကျောင်းတိုက် ပဓာန နာယက နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် ဘဒ္ဒန္တ ပညာဝံသ (သာသနာ့ဓဇ ဓမ္မာစရိယ၊ ကျောက်ဖြူဆရာတော်)
(၅) ကျောက်ဖြူမြို့ မင်္ဂလာရာမေ ကျာင်းတိုက်၏ ဂဏ၀ါစက နာယက မဟာဂန္တ၀ါစကပဏ္ဍိတ ဘဒ္ဒန္တ ပညာသာရာဘိဝံသ (သ-စ-အ ဓမ္မာစရိယ၊ ပါဠိပါရဂူ) တို့ထံတွင် မူလတန်း၊ အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်း စသော အခြေခံပရိယတ္တိတို့ကို သင်ယူလေ့လာခဲ့သည်။
ပရိယတ္တိစာပေများကို သင်ယူလေ့လာရင်း တစ်ဖက်ကလည်း ပဋိပတ္တိ ဆိုင်ရာ အကျင့်မြတ်တရားများကို -
(၁) မိုးကုတ်ရိပ်သာ၊
(၂) မဟာစည်ရိပ်သာ
(၃) စွန်းလွန်းရိပ်သာ
(၄) လယ်တီရိပ်သာ
(၅) သဲအင်းဂူရိပ်သာ
(၆) ကသစ်ဝိုင်းရိပ်သာ
(၇) ညာဏစာဂီရိပ်သာ
(၈) မိုးညှင်းရိပ်သာ
(၉) ဖားအောက်ရိပ်သာ
(၁၀) မူလမင်းကွန်းရိပ်သာ
(၁၁) မင်းရပ်ချောင် ၀ိပဿနာရိပ်သာ (ထားဝယ်) စသော ရိပ်သာတို့ တွင်ကျင့်ကြံပွါးများ အားထုတ်ခဲ့သည်။ သည့်နောက် ပဋိပတ္တိမြတ်အကျင့်ကို သီးခြားအားထုတ်လိုသော ဆန္ဒ ပြင်းပြတော်မူသဖြင့် ဆရာတော်သည် သပိတ်တစ်လုံး သုံးထည်သင်္ကန်းကို ဆောင်လျက် ဓုတင်(၁၃) ပါးတို့ကိုလည်းအခါကာလ လျော်စွာ ဆောက်တည်ကျင့်သုံး၍ တောအရပ်ရပ် တောင်အထပ်ထပ် လှည့်လည်သီတင်းသုံးရာမှ ၁၃၄၉ ခုနှစ်၊ ၀ါဆိုလဆန်း ၁၀ ရက်နေ့တွင် မြောက်ဦးမြို့သို့ ကြွရောက်ပြီး တောရတဖန် ဆောက်တည်ပြန်သည်။

ဆရာတော်သည် မြို့နှင့်တစ်မိုင်ခန့် ဝေးသော ရတနာမာရ်အောင် စေတီအနီး၌ တရားအားထုတ်နေရာဝယ် မြို့တွင်းရှိ ဒကာ၊ ဒကာမများနှင့် ရပ်ဝေး၊ ရပ်နည်းမှ လာရောက်၍ တရားအနည်းငယ် နာရခြင်းကြောင့် တပည့်တော်တို့ မြို့၌ ရိပ်သာတစ်ခု ဖြစ်အောင် ဆောင်ရွက်ပေးပါရန် အခါခါတောင်းပန်ကြခြင်းကြောင့် ၁၃၅၀ ခုနှစ်မှ စ၍ ရိပ်သာတစ်ခုကို စတင် ထူထောင်လျက် ရတနာစံဦးရိပ်သာ၊ ရတနာမာရ်အောင် ကမ္မဋ္ဌာန်းဌာနဟု အမည်သမုတ်ကာ ဦးစီးပဓာနနာယက ဆရာတော် အဖြစ် တရားဟော၊ တရားပြခြင်း၊ အနယ်နယ် အရပ်ရပ်သို့ ကြွရောက်၍ ၀ိပဿနာ တရားတို့ကို ကိုယ်တိုင်ဆောက်တည် ပွါးများခြင်း၊ ယောဂီ ဝေနေယျတိုးအားလည်း တရားဟောခြင်း၊ တရားပြခြင်းဖြင့် သာသနာပြုလျှက် ရှိပါသည်။

Last Updated (Sunday, 07 October 2012 12:18)